Big News Times

Just another Blogger Template by Basnetg.com

Basnetg.com - Premium Blogger Templates

ဥပဒေနှင့်အညီ

Published on Saturday, September 1, 2012 1:28 AM // , ,

အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်းဆဲ ကာလတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာ သုံးရပ် အကြား အပြန်အလှန် ထိန်းညှိကြသည့် အခါ နားလည်မှု လွဲမှားမှု၊ အချေအတင် အငြင်းပွားမှု၊ ပွတ်တိုက်မှုတို့ ဖြစ်ပေါ်တတ် သည်ကို ကမ္ဘာပေါ်ရှိ အခြားသော အသွင်ပြောင်း နိုင်ငံများ၏ ဖြစ်စဉ်များကို လေ့လာကြည့်လျှင် သိနိုင်ပါသည်။ အာဏာရှင် စနစ်တွင် အာဏာပိုင် အဖြစ်နှင့် ထိုစနစ်အောက် နှစ်ပေါင်း ငါးဆယ်ခန့် နေထိုင်လာခဲ့ရသည့် မြန်မာနိုင်ငံသား အားလုံးထံ၌ ထိုစနစ်၏ သြဇာသက်ရောက်မှု အနည်းနှင့် အများ ဆိုသလို ရှိပါသည်။ လက်ရှိ အာဏာ သုံးရပ် စလုံးတွင် ရှိနေကြသူ အားလုံးသည် The Voice Weekly က အစဉ်တစိုက် ရေးသား ပြောဆို ခဲ့သည့် စနစ်ပြောင်း အုပ်ချုပ်သူ မပြောင်း သဘောအရ ယခင် အစိုးရ အဟောင်းတွင် ထိပ်ပိုင်း တာဝန်များ ထမ်းဆောင် ခဲ့ကြသူများ ဖြစ်သောကြောင့် ယခင် စနစ်ဟောင်းမှ စဉ်းစား တွေးခေါ်မှု၊ ပြုမူဆောင်ရွက်မှု အရိပ်များ မလွတ်နိုင် သေးသည်ကိုလည်း သိရှိ ထားရမည် ဖြစ်ပါသည်။

အခြေအနေ အရပ်ရပ်အရ စနစ်ပြောင်းရန် လိုအပ် နေသောကြောင့် ထိပ်ပိုင်း တာဝန်ရှိသူ အနည်းငယ်က အပြောင်းအလဲ တစ်ရပ် အကောင်အထည် ဖော်သည့်အခါ ပြောင်းနေသော စနစ်ကို သဘော သဘာဝ နှင့်တကွ နားလည် နိုင်သူမှာ များစွာ နည်းပါး ပါသည်။ ထိုအခါ ယခင် အစိုးရ အဟောင်း လက်ထက်တွင် ရေးဆွဲ၊ အတည်ပြု၊ ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အာဏာ သုံးရပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အပြန်အလှန် ထိန်းညှိမှုများနှင့် ပတ်သက်ပြီး မိမိတို့ နားလည်ထားသော ရှုထောင့် အသီးသီးမှ အဓိပ္ပာယ် ဖွင့်ဆိုကြသည့်အခါ အငြင်းပွားမှု ပြဿနာများ ပေါ်ပေါက်လာပါသည်။ များစွာ ထင်ရှား သည့် အငြင်းပွားမှု နှစ်ရပ်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တိုင်းရင်းသားရေးရာ ၀န်ကြီးများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်များက ၎င်းင်းဝန်ကြီးများအား ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် ၀န်ကြီးများ အဖြစ် အသိအမှတ် မပြုသည့် ပြဿနာနှင့် ယခုဖြစ်ပေါ်နေသော လွှတ်တော်များက ဖွဲ့စည်းထားသည့် ကော်မရှင်၊ ကော်မတီများသည် ပြည်ထောင်စု အဆင့် ဟုတ်၊ မဟုတ် ဆိုသော အငြင်းပွားမှုတို့ ဖြစ်ပါသည်။

အဆိုပါ အငြင်းပွားမှု၊ ပြဿနာ နှစ်ရပ်ကို သုံးသပ် ကြည့်ပါက ပြဿနာ နှစ်ခုစလုံးသည် ယေဘုယျအားဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ စစ်ဆေး သုံးသပ်ချက် အစီအရင်ခံစာ မှတစ်ဆင့် ပေါ်ပေါက် လာသည်ကို တွေ့ရပါသည်။ ပထမ ပြဿနာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးအဆင့် သတ်မှတ်၍ မရနိုင်ဟု ရှေ့နေချုပ်ရုံး၏ သုံးသပ်ချက်ကို ဆန့်ကျင်ကာ သမိုင်းဝင် ဆုံးဖြတ်ချက် တစ်ရပ် မှန်ကန်စွာ ချမှတ်နိုင်ခဲ့ပါသည်။ လက်ရှိ ဖြစ်ပေါ်နေသော ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဟုတ်မဟုတ် အငြင်းပွားမှု တွင်လည်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၏ သမ္မတ ကိုယ်စား တင်ပြမှုမှ တစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီးသည် အရပ်သား အစိုးရ အသစ် အဖြစ် စတင် တာဝန်ယူခဲ့သည့် အချိန် ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး အကျိုးစီးပွား အတွက် ကြီးမားသည့် အပြုသဘော ပြုပြင် ပြောင်းလဲမှုကြီးများ အကောင် အထည် ဖော်နိုင် ခဲ့ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု လွှတ်တော်၊ သမ္မတ ရွေးချယ်ရေး အဖွဲ့က ရွေးချယ် တင်မြှောက်ထားသည့် နိုင်ငံတော် သမ္မတသည် ဥပဒေ၊ အမိန့်၊ ကြေညာချက်များကို ပြည်သူလူထု သိရှိရန် ထုတ်ပြန် သည့်အခါ အမြင့်ဆုံးအဆင့် ပြည်ထောင်စု လွှတ်တော်ထံ အတည်ပြုချက် ရယူရန်နှင့် အနိမ့်ဆုံး နိုင်ငံတော် သမ္မတကိုယ်တိုင် လက်မှတ် ရေးထိုးကာ ဥပဒေကဲ့သို့ အာဏာတည်မြဲသော အမိန့်အဖြစ် ထုတ်ပြန်ရန် လိုအပ်ပါသည်။ ဥပမာ- အငြိမ်းစား နိုင်ငံ ၀န်ထမ်းများ၏ အငြိမ်းစား လစာများ တိုးမြှင့် ခံစားခွင့် ပြုခြင်း၊ အခွန်ဥပဒေများ ပြင်ဆင် ပြဋ္ဌာန်းခြင်း ကဲ့သို့သော ထင်ရှား ကြီးမားသည့် အပြောင်းအလဲများကို အထက် ဖော်ပြပါ နည်းလမ်း နှစ်ခုဖြင့် မဆောင်ရွက် ခဲ့သောကြောင့် မရည်ရွယ်လင့် ကစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန် လုပ်ဆောင် သကဲ့သို့ ဖြစ်သွားခဲ့ပါသည်။ ထိုသို့ မဖြစ်စေရန်မှာ နိုင်ငံတော် သမ္မတကို ဥပဒေ အကြံပေး တာဝန် ထမ်းဆောင်ရမည့် ရှေ့နေချုပ်ရုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအ၀င် နိုင်ငံတော်တွင် ယနေ့ပြဋ္ဌာန်း အတည်ပြု ထားသော လွှတ်တော် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ လက်စွဲများကို ချောက်ချား နှံ့စပ်အောင် လေ့လာထားသူများ ဖြစ်ရန် အထူး လိုအပ်ပါသည်။ ဤနေရာတွင် အထူး သတိပြုရမည့် အချက်မှာ သာမည အကြောင်းအရာ များကို အဓိက အကြောင်းအရာ အဖြစ် အလွဲ ပုံဖော်ကာ အဓိက အကြောင်းအရာ များကို သာမည အဖြစ် မှေးမှိန် ထားမိ သကဲ့သို့ ဖြစ်ပြီး အာဏာသုံးရပ် အကြား နားလည်မှု လွဲမှား၊ အငြင်းပွား နေခြင်းဖြင့် တန်ဖိုးရှိသော အချိန်များ၊ အင်အားများ ပြုန်းတီး မသွားစေရေး ဖြစ်ပါသည်။

ဒီမိုကရေစီ ပန်းတိုင်သို့ သွားရာလမ်း သည် အာဏာသုံးရပ် အကြား ဒီမိုကရေစီ နည်းလမ်းကျစွာ၊ ရိုးသား ဖြောင့်မတ်စွာ၊ သဘောထား ကြီးကြီး၊ ရင့်ကျင်မှု ရှိရှိ ဥပဒေနှင့် အညီ အပြန်အလှန် ထိန်းညှိနိုင်မှု စွမ်းရည် အပေါ် မူတည်ကာ ခရီးလမ်း မြန်ဆန် ချောမွေ့မှု အတိုင်းအတာ ကွာခြား နိုင်ပါသည်။ ထိုသို့ ဖြစ်စေရန်မှာ အသွင် ကူးပြောင်း ကာလအတွင်း အာဏာသုံးရပ်၊ Stakeholder များနှင့် အဓိက ပလေယာများ အကြား ဥပဒေကြောင်း အရ ဥပဒေနှင့် အညီ ဥပဒေ ရေးရာ အကြံပြုသူများ အပါအ၀င် အရပ်ရပ်ဆိုင်ရာ အကြံပေးသူများ ၏ စိတ်ထား၊ ခံယူချက်နှင့် သက်ဆိုင်ရာ ဘာသာရပ် နယ်ပယ်အလိုက် အမှန်တကယ် တတ်ကျွမ်း နားလည်မှုတို့က အထူး အရေးကြီး လှပါကြောင်း။

0 comments

Leave a comment

Subscribe to our RSS Feed! Follow us on Facebook! Follow us on Twitter! Visit our LinkedIn Profile!